Friday, August 31, 2007

ဒီဂျစ်တယ်နည်းပညာနှင့်လူသားကျင့်ဝတ်
ယနေ့ကမ္ဘာပေါ်တွင်ဒီဂျစ်တယ်နည်းပညာသည် လူသားတို့၏နေ့စဉ် ဘ၀ကို နည်းမျိုးစုံနှင့်လွှမ်းမိုး၍ ပုံစံပြောင်းလဲပေးနေသည်ကိုအထင်အရှားတွေ့မြင်နိုင်ပါသည်။အထူးသဖြင့်နည်းပညာသည် State of theart ခေါ်များစွာ အနုစိတ်၍ အသိဥာဏ်တစ်ခုအသွင်ဆောင်လာချိန်တွင်လူသားတို့၏ဘ၀ကိုကောင်းကျိုးများစွာဖြစ်ပေါ်စေသကဲ့သို့ ဆိုးကျိုးများလည်းဖြစ်ပေါ်စေခဲ့သည်ကို တွေ့နိုင်ပါသည်။အချို့သော Stateof the art နည်းပညာများသည် ဖွံ့ဖြိုးတိုးတက်မှုမမြန်သောမြန်မာ့လူဘောင်ကိုပင်ရိုက်ခတ်မှုများရှိလာသည်ကို သတိထားကြည့်လျှင် တွေ့ မြင်နိုင်ပါသည်။ State of the art ဆိုသည်မှာ အနုပညာသဘောကို ဆောင်လာသောနည်းပညာကိုဆိုလိုပါသည်။ အလျား ၃ လက်မ အနံ ၁.၅ လက်မသာရှိသော တယ်လီဖုန်းများအတွင်း ဒီဂျစ်တယ်ကင်မရာ၊ ဒီဂျစ်တယ်ဗီဒီယိုကင်မရာ ၊ စသည်များထည့်သွင်းလာနိုင်ခြင်းမျိုးကို State of the art နည်းပညာဟုခေါ်ဆိုရမည်ဖြစ်သည်။ ယခုကဲ့သို့သောကင်မရာများကိုယခင်ကနိုင်ငံတကာတွင် သီးခြားဖွင့်လှစ်ထားသော Spy Shop ခေါ်ထောက်လှန်းရေးသုံးပစ္စည်း အရောင်းဆိုင်များတွင်သာ သီးခြားဝယ်ယူခဲ့ရသော်လည်းယခုအခါလမ်းဘေးတွင်အလွယ်တကူဝယ်ယူရရှိသွားနိုင်ပြီးဖြစ်သည်မှာဒီဂျစ်တယ်နည်းပညာအံ့မခန်းတိုးတက်မှု၏ပြယုဂ်ဖြစ်သည်။ထိုသို့တိုးတက်လာသောအနုပညာသဘောဆောင်သည့် နည်းပညာများသည် တစ်ဖက်တွင်လူသားတို့၏ ဘ၀ကိုများစွာလွယ်ကူချောမွေ့သွားစေခဲ့သည်များ ရှိသကဲ့သို့ တစ်ဖက်တွင်လည်းလူသားတို့၏ ပုဂ္ဂလိကလွတ်လပ်ခွင့်များကို ခြိမ်းခြောက်ခြင်းများရှိလာသည်ကိုတွေ့ရသည်။ အမေရိကန်ပြည်ထောင်စုကဲ့သို့ နည်းပညာတိုးတက်သောနိုင်ငံတွင် ၉/၁၁ဖြစ်စဉ်အပြီး ဒီဂျစ်တယ်နည်းပညာ၊ ဒီဂျစ်တယ်နည်းပညာသုံးဗီဒီယိုကင်မရာများ၊ဒီဂျစ်တယ်ထုတ်လွှင့်စက်များ၊ ဂြိုလ်ထုနည်းပညာစသည်တို့ကို ပေါင်းစပ်အသုံးပြု၍ပြည်သူလူထု၏ လှုပ်ရှားမှုကို စောင့်ကြည့်လာခဲ့ရာ လေဆိပ်မှဝင်လာသောဧည့်သည်တစ်ဦးလက်ရှိမည်သည့်နေရာတွင်ရောက်ရှိနေသည်ကိုအချိန် ၄၅ မိနစ်အတွင်းရှာဖွေနိုင်သည့်အဆင့်ကိုရောက်ရှိလာခဲ့သည်။တစ်ဖက်တွင်လည်းဤနည်းပညာများသည် လူသားတို့၏ ပုဂ္ဂလိက လွတ်လပ်ခွင့်ကို ခြိမ်းခြောက်နေပြီဟုဆိုကာကန့်ကွက်မှုမျုားလည်းရှိနေသည်ကိုတွေ့ရသည်။ သို့သော်လည်းနည်းပညာရေစီးကြောင်းသည်အရှိန်အဟုန်ဖြင့်စီးဆင်းနေသည်ဖြစ်ရာ နောက်ထပ်ပေါ်ပေါက်လာသော Bluetooth နည်းပညာ၊ အင်ဖရာရက်နည်းပညာ၊ အင်တာနက်နည်းပညာများပေါင်းစပ်၍ အရှိန်အဟုန်ဖြင့် ဆက်လက်ချီတက်မည့်သဘောဆောင်လာပြီး လူသားတို့၏ ကျင့်ဝတ်ဖြင့်သာဆိုးကျိုးများကို ကာကွယ်နိုင်တော့မည့် သဘောတရားသည်များစွာထင်ရှားလာနေပါသည်။ ယနေ့ပေါ်ထွန်းလာနေသော ဒစ်ဂျစ်တယ်နည်းပညာသုံး တယ်လီဖုန်းလေးတစ်ခု၏ စွမ်းဆောင်ရည်ကိုကြည့်ပါ။ မိမိရှေ့တွင်ရှိနေသောလှုပ်ရှားမှုတစ်ခုကိုအလွယ်တကူမှတ်တမ်းတင်နိုင်ပြီး Bluetoothစနစ်ဖြင့်ခပ်လှမ်းလှမ်းရှိတယ်လီဖုန်းတစ်လုံး၊ကွန်ပျူတာတစ်လုံးပေါ်သို့အလွယ်တကူပေးပို့နိုင်နေပြီ ဖြစ်သည်။ GPRS စနစ်သုံးဆဲလ်လူလာတယ်လီဖုန်းများဆိုလျှင်အဆိုပါဗီဒီယိုမှတ်တမ်းကို အင်တာနက်ပေါ်သို့ အလွယ်တကူပေးပို့ နိုင်သကဲ့သို့ ကမ္ဘာပေါ်ရှိအခြားတယ်လီဖုန်းတစ်လုံးသို့လည်း အလွယ်တကူပေးပို့နိုင်လာသည်ကိုတွေ့ရသည်။ဤကိစ္စသည်ယနေ့အထင်ရှားဆုံးဥပမာဖြစ်ပြီး လူသားတို့၏ ပုဂ္ဂလိကလွတ်လပ်မှုကို အကြီးအကျယ်ခြိမ်းခြောက်လာသော နည်းပညာလည်းဖြစ်သည်။ ယခုအခါ ဓာတ်ပုံမှတ်တမ်းများသာမက ဗီဒီယိုမှတ်တမ်းများပါ လွင့်တင်နိုင်သော အင်တာနက်ဝက်ဘ် ဆိုက်များပါပေါ်ပေါက်လာနေရာလူတိုင်းရုပ်သံလွှင့်မီဒီယာတစ်ခုအသွင် အလွယ်တကူဆောင်လာခြင်းဖြစ်ပေသည်ဤသို့သောလူသားတို့၏ပုဂ္ဂလိကလွတ်လပ်ခွင့်ကို ခြိမ်းခြောက်လာနေသည့်နည်းပညာများ၏ဆိုးကျိုးကို ကာကွယ်ရန်နည်းလမ်းမှာလူသားတို့၏ ကျင့်ဝတ်တစ်ခုသာရှိပါတော့သည်။ထိုသို့ဆိုလျှင်လူသားတို့၏ အတွင်းပိုင်းစိတ်ပိုင်းဆိုင်ရာ အဆင့်အတန်းမြင့်မားရေးသည် ယနေ့ဖြစ်ထွန်းလာနေသော ဒစ်ဂျစ်တယ် နည်းပညာများနှင့်အတူ အရှိန်အဟုန်ဖြင့် လိုက်ပါနိုင်ရန် အထူးအရေးကြီးလာသည်ကိုတွေ့နိုင်ပါသည်။ သို့သော်တစ်ဖက်တွင်လည်းလူ့အဖွဲ့အစည်းအတွင်းရှိလူသားအားလုံး၏စိတ်ပိုင်းဆိုင်ရာ အဆင့်အတန်းမြင့်မားရေးကိစ္စသည် တနည်းအားဖြင့် ပညာရေးကိစ္စ၊အသိဥာဏ်ကိစ္စဖြစ်နေသောကြောင့် အချိန်တို အတွင်း အလွယ်တကူ ပြုပြင်နိုင်သော ကိစ္စရပ်တစ်ခုမဟုတ်ပါ။ဒုတိယနည်းလမ်းမှာ ဒစ်ဂျစ်တယ် နည်းပညာ၏ စွမ်းဆောင်ရည်အပေါ် ကာယကံရှင် တစ်ဦးချင်းမှ သဘောပေါက်၍ ဆောင်ရန် ရှောင်ရန် အသစ်များကို အလေးအနက် လိုက်နာကျင့်သုံးရေးဖြစ်သည်။ တတိယနည်းလမ်းမှာ ယခုကဲ့သို့ ဒစ်ဂျစ်တယ်နည်းပညာ အလွဲသုံးစားပြု၍ လူပုဂ္ဂိုလ်တစ်ဦးချင်း၏ ပုဂ္ဂလိကလွတ်လပ်ခွင့်ကို ထိပါးသူများအား ဥပဒေကြောင်းအရ အရေးယူရေးဖြစ်သည်။ ဥပဒေကြောင်းအရအရေးယူခြင်းသည် များစွာထိရောက်သော ဟန့်တားမှုဖြစ်ရာ ဥပဒေများ ခေတ်နှင့်အညီပြုပြင်စီရင်ခြင်းတစ်ခုသာ လုပ်ဆောင်ရှိပါသည်။ ယခုကဲ့သို့ ဒစ်ဂျစ်တယ် နည်းပညာအသုံးချ၍ လူသားတို့၏ပုဂ္ဂလိကလွတ်လပ်ခွင့်ကို ချိုးဖောက်သူများအား လူသားမဆန်သော ကျင့်ဝတ်ချိုးဖောက်သော ရာဇ၀တ်မှုတစ်ခုအဖြစ် ပြည်သူလူထုအား အသိပေး၍ ထိရောက်သောပြစ်ဒဏ်များစီရင်ခြင်းသည်လည်းနောင်အလွဲသုံးစားမှုများအား ထိရောက်စွာကာကွယ်နိုင်သော နည်းလမ်းတစ်ခုဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေဒစ်ဂျစ်တယ်နည်းပညာသည် ခေတ်ရေစီးကြောင်းတစ်ခုသာဖြစ်၍တားဆီး၍မရနိုင်တော့ကြောင်းများစွာထင်ရှားနေသည်ဖြစ်ရာ အခြားနည်းလမ်းများဖြင့်လူ့ဘောင်၏အေးချမ်းသာယာရေးနှင့်ဖွံဖြိုးတိုးတက်ရေးကို ၀ိုင်းဝန်းစောင့်ရှောက်ကြရမည်မှာ လူသားတိုင်း၏တာဝန်ဖြစ်ပေသည်ဟု The Voice ဂျာနယ်တွင်ဖော်ပြထားပါသည်။

1 comment:

Unknown said...

It is really a very informative and interesting article on the topic. You can also try to hire the best dissertation writing services UK to secure better grades for you.
dissertation writing service uk