Friday, August 31, 2007

ဂီတလုလင်ဦးကိုကိုအား ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်မည်
ယဉ်ကျေးမှုဝန်ကြီးဌာန ဂီတလုလင်ဦးကိုကိုအား ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်ရန်စီစဉ်လျက်ရှိကြောင်း သိရသည်။ ဂီတလုလင်ဦးကိုကိုသည် ယဉ်ကျေးမှုတက္ကသိုလ်ကောင်စီဝင် ထူးချွန်ထက်မြက်သည့်အနုပညာရှင်တစ်ဦး ဖြစ်ပြီးမျိုးဆက်သစ်များအနေဖြင့် ယင်းအနုပညာရှင်ကြီးများ၏ အရည်အသွေးများကို အားကျအတုယူစေလိုသော ရည်ရွယ်ချက်ဖြင့်ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။ ဂီတလုလင်ဦးကိုကိုသည် ဂီတ၊ အနုပညာ၊ ဆောင်းပါး၊ ကဗျာစသည်တို့၌ အလွန်ထူးချွန်ထင်ရှားသူ ဖြစ်ကာပြည်ပနိုင်ငံအများအပြားသို့ သွားရောက်ပြီး ဂီတဖျော်ဖြေပွဲများပြုလုပ်ခဲ့သည်။ ၁၉၉၂-၁၉၉၃ ခုနှစ်၌ အမေရိကန်နိုင်ငံနှင့် ကနေဒါရှိ ဂီတတက္ကသိုလ်များတွင် မြန်မာ့ရိုးရာဂီတပညာရပ်များကို ဧည့်ပါမောက္ခအဖြစ် သွားရောက်ပို့ချခဲ့ကြောင်း သိရသည်။ ယဉ်ကျေးမှုတက္ကသိုလ် စတင်ဖွင့်လှစ်ပြီး ဘွဲ့ပေးအပ်သည့်နှစ် ၁၉၉၇ မှစတင်၍ ၂၀၀၆ခုနှစ်အထိ ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ အနုပညာရှင်ဘွဲ့ရပေါင်း ၁၃၅၆ ဦး၊ ဘွဲ့လွန်ဒီပလိုမာ ၄၃ဦးနှင့် ဂုဏ်ထူးဆောင်ဘွဲ့ ၃၄ဦးတို့အား ဘွဲ့အသီးသီး ချီးမြှင့်အပ်နှင်းနိုင်ခဲ့ကြောင်းသိရသည် ဟု ရန်ကုန်တိုင်းမ် ဂျာနယ်တွင်ဖော်ပြထားပါသည်။

No comments: